Wednesday, August 3, 2011

မင်းရဲနှင့် ရယ်ရမလို ငိုရမလို စကားလုံးများ

Scenairo 1
ရှုမငြီးသည့် ချစ်ဇနီးနှင့် သားတော်မောင်တို့ အခန်းထဲတွင် ဆော့နေသည်ကို အခွင့်ကောင်းယူ၍ အိမ်ရှေ့တွင် ညစာ ထိုင်တီးနေလိုက်သည်။ အတန်ကြာသော် သားမောင်တယောက် စပ်ဖြဲဖြဲနှင့် ဝှီးကနဲ ကျနုပ်ထံ ပြေးထွက်လာသည်ကို တွေ့ရတော့သည်။

"ဟိတ် ဘာဖြစ်လို့ ပြေးထွက်လာတာတုန်း"
"သားသားလေးက စိတ်တိုနေလို့ ဖေဖေ့ဆီ ပြေးလာတာ"

"ဟုတ်လား၊ ဘာဖြစ်လို့ စိတ်တိုနေတာလဲ"
"မေမေက ဖိနပ်မစီးလို့ ဆူလို့ စိတ်တိုနေတာ"

အမယ် ဟုတ်သား၊ ဒင်းကလေး ဖိနပ်မပါပြန်ဘူး။
"ဖိနပ်မစီးရင်တော့ ဆူမှာပေါ့ကွ။ သားသားလေး ဖိနပ်စီးထားလေ" ဆိုတော့ အနားက ခုံပေါ် လှစ်ကနဲ ကုန်းတက်သွားပြီး ရုပ်တည်လေးနဲ့ ပြောပုံက

"ခုံပေါ်မှာဆို ဖိနပ်စီးစရာ မလိုဘူးလို့ ဖေဖေပြောထားတယ်လေ"

မှတ်ချက်။ ။ သူပြောသည့် ဆူသည်ဆိုသည်မှာ သူ့ကို ဟိုဟာ မလုပ်နဲ့၊ ဒီဟာ မလုပ်နဲ့၊ ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါ၊ ဟု သာမန်လေနှင့် ပြောဆိုသည်ကိုသာ ဆိုလိုသည်။ အော်ဟစ် ငေါက်ငမ်းခြင်းကို မဆိုလို။ မင်းရဲသည် ယခုအချိန်ထိ မည်သူတဦးတယောက်၏ ဆူပူ အော်ဟစ် ငေါက်ငမ်းခြင်းကို မခံရဖူးကြောင်း သိစေအပ်ပေသည်။

Scenairo 2
ဘုရင်မင်းရဲသည် ကျနုပ် သူ့အတွက်ဝယ်လာသော ချောကလက် ကိတ်မုန့်ကို မိုင်လိုသောက်ရင်း စားနေ၏။ အလုပ်သွားခါနီး ဘာမှမစားရသေး၍ အလွယ်တကူ သူ့ရှေ့တွင်ရှိနေသော ကိတ်မုန့်တလုံးကို လှမ်းယူလိုက်တော့ "ဖေဖေ အဲဒါ သားသားမုန့်မုန့်" တဲ့။ ရွှေကိုယ်တော်မြတ်က လှမ်းတားတော်မူသည်။ ဘုရင်ဆိုတော့လည်း လက်မြှောက်ရသည်ပေါ့။ "အေးပါ။ သားသားဟာ ဖေဖေ မစားပါဘူး" ဆိုပြီး အသာပြန်ချရသည်။ ပြီးတော့မှ "ဒါပဲ စားသွားတော့မယ်" ဆိုပြီး သူ့အမေလက်ထဲက သူ့ကျွေးနေဆဲမုန့်ကို ဆွဲယူစားလိုက်ပြီး ထွက်ခဲ့သည်။ အမယ်.. ကိုယ်တော်လေးက အဲဒီတုန်းကတော့ ဘာမှမပြောဘဲ တာ့တာတွေ ဘာတွေ စိတ်ပါလက်ပါ လုပ်လိုက်သေးသည်။ နောက်မှ အမေကို ဒီလို ပြန်ပြောသတဲ့..

"ဖေဖေကလည်း ဆိုးလိုက်တာ၊ သားသားမုန့်ကို ယူစားသွားတယ်"

0 comments: