ကျနုပ်တို့အားလုံး လိုလိုလားလားပင် သူ့အား ဘုရင်အဖြစ်တင်မြှောက်ခဲ့ကြသည်။
ဘုရင်သက်တမ်း နုစဉ်အခါက ထိုဘုရင်၏ လိုအပ်ချက်များ၊ ချွတ်ချော်မှုများကို နားလည်လက်ခံပေးခဲ့ကြသည်၊ ကူညီဖြည့်ဆည်းပေးခဲ့ကြသည်။ ဘုရင့်အလိုကို မတောင်းဆိုရဘဲ လိုလေသေးမရှိ အစွမ်းကုန်ဖြည့်ပေးခဲ့ကြသည်။
ထိုအခါ ဘုရင်သည် ငါသည်သာ အဓိက၊ ငါလိုချင် ဖြစ်ရမည်၊ ငါမှငါ ဟုစိတ်ဝယ်စွဲထင်သွားသည်လားမသိ။
ဘုရင်သက်တမ်း အတော်အတန်ရလာသောအခါတွင်ကား ထိုဘုရင်သည် အာဏာကို အလွဲသုံးစားပြုကာ ထင်ရာစိုင်းချင်လာသည်။ လိုချင်သည့်အရာကို အတင်းအဓမ္မ တောင်းဆိုတတ်လာသည်၊ မရလျင် ဒေါသူပုန်ထတတ်လာသည်၊ ဖြစ်ချင်တာ မဖြစ်လျင် မာန်မဲတတ်လာသည်။ လုပ်ချင်ရာကို မှန်သည် မှားသည် အရေးမစိုက် ဇွတ်လုပ်ချင်လာသည်။ ဘုရင်ကား အာဏာရှင် ဆန်လာလေပြီ။
ထိုဘုရင်သည် ကျနုပ်တို့ ဘုရင်ဖြစ်သည့်အတွက် ထိုဘုရင်ကို ထိန်းကျောင်း ပြုပြင်ရန် ကျနုပ်တို့တွင် တာဝန်ရှိသည်။ ထိုဘုရင်၏ ကောင်းခြင်း၊ ဆိုးခြင်းသည် ကျနုပ်တို့၏ ထိန်းသိမ်းနိုင်မှု၊ ပြုပြင်ပေးနိုင်မှုပေါ်တွင် မှီတည်နေ၏။
ထိုအခါ ကျနုပ်တို့နှင့် ဘုရင်အကြား ဆက်ဆံရေးတွင် အဖုအထစ်လေးများ ရှိလာသည်။ ဘုရင့်အမျက်တော်ကို ဂရုမထားဘဲ ဖြစ်သင့်သည်တို့ကို ပြောလာရသည်၊ မလုပ်သင့်သည်များကို တားလာရသည်။
အောင်မြင်သည့်အခါများ ရှိသလို မအောင်မြင်သည့် အခါများလည်းရှိလေသည်။ ဘုရင်နှင့် ကျနုပ်တို့အကြား နည်းနည်းတိုး၊ နည်းနည်းလျှော့ နှစ်ဦးနှစ်ဖက် ညှိညှိနှိုင်းနှိုင်း လုပ်ရသည့်အခါများလည်း ရှိပြန်သည်။
မည်သို့ဆိုစေ ထိုဘုရင် အာဏာရှင်မဖြစ်ရေးသည် ကျနုပ်တို့အတွက် သေရေးရှင်ရေးတမျှ အရေးကြီး၏။ လူဟူသည် ကိုယ့်သမိုင်းကိုယ် ရေးကြရသည်ချည်းဖြစ်ရာ ကျနုပ်တို့သမိုင်းတွင် အာဏာရှင်ဘုရင်တပါး မွေးထုတ်ပေးလိုက်သည်ဟူသည့် အမည်းစက်ကြီးတစက်မဖြစ်ရန် အစွမ်းကုန် ကြိုးစားသွားရပေတော့မည်။
မေမေ့ကို ချွဲနေတဲ့ ဘုရင်ကလေး
3 comments:
:)
သားသားထွားလာတယ်....။ မင်းရဲ ပုံတွေတောင်မတင်တာကြာပြီနော်။
:)
ဟုတ်တယ်။ သား မြန်မာပြည်ရောက်နေတုန်းက လွမ်းလို့ ပိုစ့်တွေ မတင်ဖြစ်ဘူး။ ပြန်ရောက်လာတော့ သူ့အနားနေနေရတာနဲ့ မအားတာနဲ့ မတင်ဖြစ်ပြန်ဘူး
Post a Comment