Thursday, October 14, 2010

အစိုးရဆိုတာ

မြန်မာပြည်မှာ ရွေးကောက်ပွဲကြီးကျင်းပပြီး အစိုးရသစ်တခု ဖွဲ့တော့မယ်လို့ဆိုတယ်။
ဘယ်လို အစိုးရတက်လာမလဲ... ကျနော်မသိ။

သိတာက ချီလီနိုင်ငံ အစိုးရလို အစိုးရမျိုး လိုချင်တယ်ဆိုတာပဲ။
ဘာဖြစ်လို့လဲ....... ဆိုတော့

ချီလီနိုင်ငံ Copiapo မြို့ကလေးမှာ သြဂုတ် ၅ ရက်နေ့က ရွှေနဲ့ ကြေးတွေတူးဖေါ်နေတဲ့ San Jose မိုင်းတွင်းပြိုကျပြီး မြေကြီးအောက် ပေ၂၀၀၀ကျော်မှာ မိုင်းလုပ်သား ၃၃ ယောက် ပိတ်မိသွားတယ်။ ဒီကိစ္စဖြစ်ပြီး နာရီတော်တော်ကြာမှ ကုမ္ပဏီက အစိုးရကို အကြောင်းကြားတယ်။ အဲဒီအချိန်မှာ လုပ်သား ၃၃ ယောက် သေသလား ရှင်သလား မသိကြသေးဘူး။

သြဂုတ် ၆ ရက်နေ့မှာ အီကွေဒေါနိုင်ငံကို အစိုးရကိစ္စနဲ့ရောက်နေတဲ့ ချီလီသတ္တုတွင်းဝန်ကြီး Laurence Golborne ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်ဖို့ အီကွေဒေါခရီးစဉ်ကို ဖျက်သိမ်းပြီး ချီလီကို ပြန်လာခဲ့တယ်။ ချီလီ အမျိုးသားအရေးပေါ် ကယ်ဆယ်ရေးရုံးချုပ်က ကယ်ဆယ်ရေးလုပ်သား ၁၃၀ ဒီမိုင်းတွင်းမှာ တာဝန်ထမ်းဆောင်နေပြီလို့ ကြေငြာတယ်။ ဒီအချိန်ထိ သူတို့အားလုံးရဲ့ တခုတည်းသော မျှော်လင့်ချက်က အောက်ဆီဂျင်၊ အစားအသောက်နဲ့ ရေတွေ သိုလှောင်ထားတဲ့ နေရာကို မိုင်းလုပ်သားတွေ ရောက်အောင်သွားနိုင်ပါစေဆိုတဲ့ မျှော်လင့်ချက်ပဲ။

သြဂုတ် ၆ရက်နေ့က စပြီး လေ၀င်လေထွက်ပေါက်ကနေ မိုင်းလုပ်သားတွေဆီ ဆင်းဖို့ ကြိုးစားနေခဲ့တဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ၇ ရက်နေ့မှာတော့ မိုင်းထပ်မံပြိုကျပြီး လမ်းကြောင်းပိတ်ဆို့သွားတဲ့အတွက် ဒီနည်းလမ်းကို စွန့်လွှတ်ခဲ့ရပါတယ်။

အဲဒီနေ့ သြဂုတ် ၇ ရက်မှာပဲ ကိုလံဘီယာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ချီလီသမ္မတ Sebastian Pinera ဟာလည်း သူ့ခရီးစဉ်ကို ဖျက်သိမ်းပြီး မိုင်းတွင်းအနီးမှာ စုဝေးရောက်ရှိနေကြပြီဖြစ်တဲ့ မိုင်းလုပ်သားတွေရဲ့မိသားစုဝင်တွေကို တွေ့ဆုံအားပေးနှစ်သိမ့်ဖို့ ချီလီကို ပြန်လာခဲ့ပါတယ်။

"ပိတ်မိနေတဲ့ လုပ်သား ၃၃ ယောက်လုံး အသက်ရှင်ရက် ကယ်တင်နိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမယ်။ ဒီကိစ္စကို လုပ်ဖို့ ကျုပ်တို့ လုံးဝ တွန့်ဆုတ်နေမှာ မဟုတ်ဘူး၊ စိတ်ရော လူရော လုံးဝထည့်ပြီး ကြိုးစားမယ်" လို့ သမ္မတက ကြေငြာတယ်။

သြဂုတ် ၈ ရက်နေ့ကစလို့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ၅ လက်မအချင်းရှိတဲ့ တွင်းငယ်တွေတူးလို့ မိုင်းလုပ်သားတွေကို ရှာဖွေခဲ့တယ်။

သြဂုတ် ၁၁ရက်နေ့မှာ သတ္တုတွင်းများ အန္တရာယ်ကင်းရှင်းရေး တာဝန်ယူရတဲ့ အမျိုးသားသတ္တုတွင်းကြီးကြပ်ရေး ဌာနရဲ့ ဦးစီးမှူးကို သမ္မတက တာဝန်ကနေရပ်စဲလိုက်ပြီး ဒီအဖြစ်အပျက်မျိုးတွေ ထပ်မဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်လို့ ပြောခဲ့တယ်။

ပေပေါင်းများစွာနက်တဲ့ တွင်းတွေ ၇ တွင်းတိတိ တူးပြီးချိန်ထိ ဘယ်လုပ်သားကိုမှ ရှာမတွေ့ခဲ့သလို လူတွေအသက်ရှင်နေတယ်ဆိုတဲ့ အထောက်အထားတခုတလေမှလည်း မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ဇွဲမလျှော့ဘဲ ဆက်ရှာခဲ့ကြတာမှာ သြဂုတ် ၂၂ ရက် မနက်မှာတော့ ပေ ၂၂၆၀ အနက်အထိရောက်နေတဲ့ လွန်သွားကို တခုခုနဲ့ ခေါက်နေသံ စကြားရတယ်။ လူတွေ့ပြီလို့ယူဆရပေမယ့် အပေါ်က ကယ်ဆယ်ရေးလုပ်သားတွေ ကောင်းကောင်း မပျော်နိုင်သေးပါဘူး။ ဘယ်နှစ်ယောက်တွေ့တယ်၊ ဘယ်နှစ်ယောက် အသက်ရှင်တယ်၊ ဘာမှ ရေရေရာရာ မသိရသေးလို့ပါပဲ။

သြဂုတ် ၂၂ရက် နေ့ခင်းမှာတော့
လွန်သွားမှာ ချည်ရက်ပါလာတဲ့ စာရွက်လေးကို ချီလီသမ္မတကိုယ်တိုင် ကမ္ဘာကိုပြလို့ ၃၃ ယောက်လုံး အသက်ရှင်လျက်ရှိကြောင်း ကြေငြာလိုက်တော့တယ်။ စာက တကြောင်းထဲပါပဲ၊ "ကျုပ်တို့ ၃၃ ယောက်လုံး သိုလှောင်ခန်းထဲမှာ ကောင်းကောင်းမွန်မွန်ရှိနေတယ်" တဲ့။

နာရီတော်တော်ကြာတော့မှ လုပ်သား ၃၃ ယောက်ရဲ့ ပထမဆုံး ဗီဒီယိုပုံတွေကို မြင်ကြရတယ်။ ထင်တာထက်ပိုပြီး သူတို့အားလုံး ကောင်းကောင်းမွန်မွန်ရှိနေကြလေရဲ့။

၁၇ ရက်လုံးလုံး ၂ ရက်မှတခါ လက်ဖက်ရည်တဇွန်းစာ Tuna ငါးနဲ့ နို့ခွက်တ၀က်စီသာ စားသောက်အသက်ရှင်ခဲ့ရမှန်း အခုမှသိကြရတော့တယ်။

ကယ်ဆယ်ရေးလုပ်ငန်း ဦးဆောင်သူတွေက ဒီကယ်ဆယ်ရေးအောင်မြင်ဖို့ သုံး လေးလ ကြာမယ်လို့ ပြောပါတယ်။ မိုင်းတွင်းရဲ့ စိတ်မချရတဲ့ အခြေအနေရယ်၊ လုပ်သားတွေဆီရောက်ဖို့ ၂ ပေအချင်းရှိတဲ့တွင်း တူးရမယ့် အချိန်ရယ်ကို ချိန်ဆပြီး ပြောတာလို့ ဆိုပါတယ်။

သြဂုတ် ၂၃ မှာတော့ မိုင်းလုပ်သားတွေဆီ စားစရာတွေ၊ ရေတွေ၊ ဆေးဝါးတွေ ချပေးနိုင်ပါပြီ။ သူတို့ကို ကယ်ဆယ်ဖို့ တွင်းတူးမယ့် စက်တွေလည်း ရောက်လာပြီ ဖြစ်ပါတယ်။

ပြင်ပကမ္ဘာနဲ့ အချိန်အကြာကြီး အဆက်ပြတ်နေရတဲ့အတွက် ဖြစ်ပေါ်နိုင်တဲ့ စိတ်ခံစားမှုတွေကို ကူညီပေးနိုင်ဖို့ သြဂုတ် ၂၄ မှာ NASA နဲ့ ချီလီရေတပ် ရေငုတ်သင်္ဘောဆိုင်ရာ ကျွမ်းကျင်သူတွေကို ခေါ်ယူခဲ့ကြတယ်။

သြဂုတ် ၂၅ မှာ မိုင်းလုပ်သားတွေ နေထိုင်ရေး အဆင်ပြေစေဖို့အတွက် သူတို့ တောင်းဆိုတဲ့အတိုင်း ဖဲထုပ်တွေ၊ ဘာသာရေးဆိုင်ရာ ရုပ်တုတွေ အပြင် ချီလီ အလံတော်ကိုပါ ချပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောတယ်။

သြဂုတ် ၂၆ မှာ မိုင်းလုပ်သားတွေဟာ မြေပေါ်က ဆွေမျိုးတွေဆီ ကျေးဇူးတင်ကြောင်း၊ သာကြောင်း၊ မာကြောင်း ၂၅ မိနစ်စာ ဗီဒီယို ပေးပို့ခဲ့တယ်။

သြဂုတ် ၂၇ မှာတော့ သူတို့ မြေအောက်မှာ နေရမယ့်အချိန်ဟာ အများကြီး ကြာလိမ့်ဦးမယ် ဖြစ်ကြောင်း မိုင်းလုပ်သားတွေကို ပေးသိလိုက်တော့တယ်။ ဒါပေမယ့် မြေပေါ်မှာတော့ တာဝန်ရှိသူတွေက Plan B လို့ခေါ်တဲ့ ဒုတိယနည်းလမ်းဟာ ပိုပြီး မြန်လိမ့်မယ်လို့ ဆိုနေပါတယ်။

၂၉ ရက်နေ့မှာ မိုင်းလုပ်သားတယောက်ချင်းစီဟာ မိသားစုဝင်တွေနဲ့ စက္ကန့်၂၀စီ ရေဒီယိုဖုန်းနဲ့ စကားပြောခွင့် ရကြတယ်။

စက်တင်ဘာ ၈ ရက် ချီလီနဲ့ ယူကရိန်းတို့ရဲ့ စက်တင်ဘာ ၈ ရက်မှာကန်တဲ့ပွဲကို projector လေးကနေတဆင့်
မိုင်းလုပ်သားတွေ Live ကြည့်ခွင့်ရကြတယ်။

စက်တင်ဘာ ၁၀ မှာ တူးလက်စ Plan A နဲ့ Plan B အပြင် Plan C ကိုပါတူးဖို့ ရေနံတူးစင်ကြီးရောက်လာပါတယ်။

သုံး လေးလကြာမယ်လို့ မှန်းထားတဲ့ Plan A ဟာ မိုင်းလုပ်သားတွေ ခိုလှုံနေတဲ့ အပေါ်တည့်တည့်ကနေ တူးနေတာဖြစ်ပြီး ပေ ၂၃၀၀ လောက်တူးရမှာပါ။

ပိုမြန်မယ်ဆိုတဲ့ Plan B က မြေအောက်အလုပ်ရုံရှိတဲ့နေရာကို ဦးတည်ပြီး ၈၀ ဒီဂရီလောက် စောင်းစောင်းလေးတူးနေတာဖြစ်ပြီး ၂၀၃၄ ပေတူးရပါမယ်။

နောက်ဆုံး Plan C ကတော့ ကျောက်သားနဲ့မြေကြီးများတဲ့ နေရာကနေတူးမှာပါ။ ၁၉၆၉ ပေလို့ ဆိုပါတယ်။

မိုင်းလုပ်သားတွေ အပြင်ရောက်လာရင် မလွဲမသွေရင်ဆိုင်ရမယ့် သတင်းသမားတွေနဲ့ တွေ့ဆုံမှုတွေ၊ နာမည်ကျော်တွေအဖြစ် လူသိများမှုတွေကို ရင်ဆိုင်နိုင်ဖို့ ခုကတည်းက သင်ပြသွားမယ်လို့ စက်တင်ဘာ ၂၂ရက်မှာ တာဝန်ရှိသူတွေက ဆိုတယ်။


အောက်တိုဘာ ၄ မှာတော့ လကုန်ပိုင်းလောက်မှာ ကယ်နိုင်လိမ့်မယ်လို့ သတ္တုတွင်းဝန်ကြီးက ပြောပါတယ်။ မိုင်းလုပ်သားတွေကလည်း သူတို့ရဲ့ အမှတ်တရပစ္စည်းတွေကို မြေပေါ်ကိုစတင်လို့ ပို့ပေးနေကြပါပြီ။

အောက်တိုဘာ ၉ မှာ Plan B ဟာ မိုင်းလုပ်သားတွေဆီ လုံးလုံးလျားလျား ရောက်ရှိသွားပါတော့တယ်။

၁၁ ရက်နေ့ကျတော့ တူးထားတဲ့တွင်းနံရံတွေထပ်ပြိုမကျအောင် သတ္တုပြားတွေနဲ့ ကာရံပြီးစီးသွားတဲ့အပြင် ကယ်ဆယ်ရေးသံအိမ်ကို ဟိုးအောက်ထိချ၊ အပေါ်ထိဆွဲတင်မှု အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်။

ဒီအချိန်မှာ မိုင်းလုပ်သားတွေ မြေပေါ်ရောက်လာတာနဲ့ လိုအပ်တဲ့ ကုသမှုတွေပြုလုပ်နိုင်ဖို့ Field Hospital တွေအဆင်သင့် လုပ်ထားပြီးပြီ၊ အထူးကု ဆရာဝန်တွေ၊ စိတ်ရောဂါကု ဆရာဝန်တွေ ခေါ်ထားပြီးပြီ။ မြေပေါ်ကို ၄ ယောက် ရောက်ပြီးတိုင်း ရဟတ်ယာဉ်နဲ့ ဆေးရုံကို ပို့ဖို့ စီစဉ်ထားပြီ။ မိုင်းလုပ်သားတွေထားမယ့် ဆေးရုံမှာလည်း ကုတင် ၃၃ လုံးကို လိုအပ်မယ်ထင်သမျှ ဆေးဝါးအပြည့်အစုံနဲ့ ဆရာဝန် သူနာပြုတွေနဲ့ ပြင်ဆင်ထားပြီးပြီ။

ကယ်ဆယ်ရေးတွေစလုပ်တဲ့ အောက်တိုဘာ ၁၂ ညသန်းခေါင်ယံကစပြီးတော့ မနက်မိုးလင်းတဲ့အထိ ကယ်ဆယ်ရေးလုပ်သားတွေနဲ့အတူ ချီလီသမ္မတကြီးဟာ ကယ်ထုတ်လာတဲ့ မိုင်းလုပ်သားတွေကို ဖက်လှဲတကင်းနဲ့ ၀မ်းပန်းတသာ ကြိုဆိုခဲ့တယ်။ မနက်မိုးလင်းခါနီးမှ ခဏပြန်သွားတဲ့ သမ္မတဟာ မကြာခင်ပဲ ပြန်ရောက်လာပြီး နောက်ဆုံး မိုင်းလုပ်သားကို ကယ်ထုတ်နိုင်တဲ့ ၁၃ ရက်နေ့ ညသန်းခေါင်အထိ မိုင်းလုပ်သားတွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့အတူ ရှိနေခဲ့တယ်။

BBC က ချီလီသမ္မတကို အင်တာဗျူးမှာ ဒီကယ်ဆယ်ရေး အတွက် ဘယ်လောက်ကုန်သလဲ မေးတော့
"ဘယ်လောက်ကုန်တယ်ဆိုတာ အရေးမကြီးပါဘူး။ ကုန်ရသမျှက တန်ပါတယ်"
လို့ပြန်ဖြေတယ်။

ဒါကို မေးတဲ့သူက မလျှော့ဘဲ ဘယ်နှစ်သန်းလောက်ကုန်သလဲ လို့ ထပ်မေးတော့မှ
"သန်းပေါင်းများစွာပဲ"
လို့ ပြုံးပြုံးပဲ ပြန်ဖြေပါတယ်။

------------------------

တွေးမိတယ်။ အခုနေများ ချီလီမှာ ရွေးကောက်ပွဲလုပ်ရင် လက်ရှိအစိုးရဟာ မဲအပြတ်အသတ်နဲ့ တဖက်သတ်ကို နိုင်မှာပဲလို့။ စဉ်းစားကြည့်လေ ချီလီပြည်သူတွေနေရာကနေ..
သူတို့ အစိုးရဟာ ပြည်သူကို ချစ်တာ သေချာတယ်။ ပြည်သူကို စေတနာထားတာ သေချာတယ်။ ပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်မှုကို တန်ဖိုးထားတာ သေချာတယ်။ သူ့ပြည်သူတွေ အသက်ရှင်ရေးအတွက် ငွေဘယ်လောက်သုံးရသုံးရ၊ အချိန်ဘယ်လောက်ကုန်ကုန်၊ မျှော်လင့်ချက်ကလေး ရေးရေးလေးရှိတယ်ဆိုရင်တောင် အဲဒီမျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး နောက်ဆုံးအချိန်ထိ အဆုံးစွန်ကြိုးစားသွားလိမ့်မယ်ဆိုတာ သေချာတယ်။

ကဲ..ဒီလို ပြည်သူကို ချစ်တဲ့၊ ပြည်သူ့အသက်ကို တန်ဖိုးထားတဲ့၊ ပြည်သူကို စေတနာရှိတဲ့၊ အစိုးရကို လိုချင်သလား၊ မလိုချင်ဘူးလား.

3 comments:

ဧပရယ်လ်ပူး@ပူးတေ said...

မျက်ရည်ဝဲပြီး ထပ်ဖတ်သွားပါတယ်.... တကယ်ပဲ ဒီလိုမျိုး အစိုးရ တကယ်လိုချင်ပါတယ်...

Sandy said...

ရင်တွေမောပြီး ဖတ်သွားတယ်.. ဖြစ်တုန်းကတော့ သတင်းဖတ်လိုက်ရသေးတယ်.. နောက်ဆုံးသတင်းတော့ အခုမှဖတ်ရတယ်.. ရွှေပြည်ကြီးမှာလည်း ပြည်သူ့ အစိုးရဆိုတာ ဘယ်တော့များမှ ဖြစ်လာမှာပါလိမ့်နော် =(

ရွှန်းမီ said...

လိုချင်ပါတယ်.. နည်းပညာ၊ ငွေကြေးနဲ့ လူသားဆန်မှု သုံးခုလုံး တိုးတက်သော...