Friday, August 20, 2010

စကားလုံးမဲ့ ....................




ဟိုးတုန်းက ပေါ့....

ဗ..ဘား..မဲ..ဟူး.. ဘာတွေမှန်းမသိ စကားလုံးလေးတွေ ပြောတတ်တဲ့ သားကလေးကို ဒီလိုပြောဖူးတယ်။
"သားသား.. ဖေဖေလို့ ခေါ်ကြည့်ပါဦး"

အဲတော့ ဒီလို ပြန်ဖြေတတ်တယ်။
"အား... ဘာဘာ..မူးဝူး..မယ်းမယ်း.."

.......................

နည်းနည်းလေးကြာတော့ ဖေဖေ ဘယ်သူလဲ၊ မေမေ ဘယ်သူလဲ လက်ကလေးနဲ့ ထိုးထိုး ပြတတ်လာတဲ့ သားကလေးကို ဒီလိုပြောဖူးတယ်။
"သားသား.. ဖေဖေလို့ ခေါ်ကြည့်ပါဦး၊ ဖေဖေ.. ဖေဖေ"

အဲဒီအခါကျ ပြုံးစေ့ ပြုံးစေ့ ကြည့်ပြီး ဒီလို ပြန်ဖြေတတ်တယ်။
"ဒါဒါ...ဒေ.. အဲ့အဲ့.. အိယ.. အု..မာ"

......................

ဒီလိုနဲ့ ၂၀၁၀ မေ ၂၃၊ မနက် ၁၀နာရီ ၃၀ လောက်မှာ "ဖေဖေ ဖေဖေ မြန်မြန်လာပါ၊ မေမေလို့ ခေါ်တတ်ပြီ"
ဆိုတဲ့ ရှုမငြီးတဲ့ ချစ်ဇနီးရဲ့ ဧရာမပီတိ ဂွမ်းဆီထိတဲ့ အသံကို ကျယ်ကျယ်လောင်လောင်ကြားရတယ်။

"သားသား မေမေလို့ ခေါ်တတ်ပြီဆို၊ ခေါ်ပြပါဦး မေမေလို့"
ဆိုပြီး တောင်းဆိုလိုက်တော့ ရုပ်တည်လေးနဲ့ မော့ကြည့်ပြီး

"မေမေ" တဲ့... ပီပီသသ ခေါ်ချလိုက်တာမှ။

အဲဒီတုန်းက ဒီလို မေးဖူးတယ်။
"ဖေဖေလို့ရော ခေါ်တတ်လား။ ခေါ်ကြည့်ပါဦး ဖေဖေလို့"

ကလိတိတိ ရုပ်ကလေးနဲ့ ကြည့်ပြီး ဒီလိုပြန်ဖြေတယ်။
"အဲယ်..." (ဒီအသံထွက်က ရေးပြရတော်တော် ခက်ပါတယ်။ အဲ မဟုတ်၊ ဟဲ မဟုတ်၊ အဲနဲ့ဟဲ ကြားကို အသံရှည်ရှည် ခပ်ပြင်းပြင်းလေး ဆိုရတာ :D)

.....................

ဒီလိုနဲ့ ၂၀၁၀ ဇွန်လ၊ ရန်ကုန်မှာ အဖွားနဲ့ ထမင်းစားရင်း ငါးကြော်ကို လက်ညှိုးထိုးပြလို့ အဖွားက ဒီလိုဆိုတယ်။
"သားက ငါးစားချင်လို့လား။ ဒါ ငါး သားရဲ့၊ ငါးငါး"

အဲဒီတော့ ဖေဖေ မခေါ်သေးတဲ့ သားကလေးက ဒီလို ဆိုသတဲ့။
"ငါး ငါး .."

ဒါကို ဖေဖေသိတော့ ဒီလို မေးခဲ့ဖူးတယ်။
"သား ဖေဖေလို့ ခေါ်တတ်ပြီလား၊ ခေါ်ကြည့်ပါဦး ဖေဖေ"

"အဲယ်.."

...........................

နောက်တခါ ကျီးကန်းကလေးတွေ အဖွားနဲ့ အစာကျွေးတော့ ဒီလို အော်တတ်ပြန်ရော။
"အား..အား"

ဒါကို ဖေဖေသိတော့..
"သား ဖေဖေလို့ ခေါ်တတ်ပြီလား၊ ခေါ်ကြည့်ပါဦး ဖေဖေ"

"အဲယ်.."

....................

အဲဒီလိုနဲ့ ရက်နည်းနည်းထပ်အကြာ၊ အိမ်ကကားသံကြားတော့ ဖွားဖွားပြောနေကျအတိုင်း
"ဖိုးဖိုး လာပြီ" တဲ့။

ဖေဖေလို့ မခေါ်သေးပါ။
..................

ဘာမှ မကြာဘူး၊ "ဖွားဖွား" လို့ခေါ်ပြီလို့ သားသား အဖွားက ကြွားလာပါရော။

ဖေဖေလို့ မခေါ်သေးပါ။
..................

၂၀၁၀ ဇူလိုင်၊ စင်ကာပူပြန်ရောက်ပြီး တရက် နှစ်ရက်ရှိသေး၊ အိမ်က ထီးတွေကို ဆွဲဆွဲယူပြီး ထီးကြီးတကားကား လမ်းသလားနေတဲ့သားကို သူ့အမေက ဒီလိုသင်တယ်။
"သား.. ဒါ ထီး သားရဲ့၊ ထီး.. ထီး"

ဒီတော့ သားကလေးက ချက်ချင်းပဲ ပြန်ပြောတယ်။
"ထီးထီး"

ဖေဖေလို့ မခေါ်သေးပါ။
............

ဒီလိုနဲ့ တရက်တော့ သားအဖနှစ်ယောက် လမ်းထွက်ဖို့ ဖြစ်လာတော့ သားကလေးကို ဒီလိုပြောဖြစ်တယ်။
"သား.. ဖေဖေနဲ့ လိုက်မလား၊ ဟိုးအဝေးကြီးသွားမှာ"

ခေါင်းကလေးငြိမ့်ပြီး လိုက်လာတဲ့သားလေးကို ချီထားရင်း လမ်းရောက်မှ ဒီလိုမေးဖြစ်တယ်။
"သားနဲ့ဖေဖေနဲ့ အခု ဘယ်သွားမှာလဲ"

ဖေဖေလုပ်ပြတဲ့အတိုင်း လက်ကလေးကို ဆန့်၊ လက်ညှိုးလေးထိုးလို့ သားက ဒီလိုဖြေတယ်။
"ဟိုး...ဝေးကြီး"

ဖေဖေလို့ မခေါ်သေးပါ။
.........................

၂၀၁၀ သြဂုတ်၊ ရန်ကုန်ကို နောက်တကျော့ ပြန်ရောက်သွားတဲ့ သားအကြောင်း ဖိုးဖိုး၊ ဖွားဖွား၊ အန်တီ များက ဒီလို ကြွားကြတယ်။

ကားပေါ်ကို တက်ဖို့ အဖွားကို ဒီလို ခေါ်သတဲ့။
"ဖွားဖွား.. တက်တက်"

သူ့အဒေါ်ကို ဒီလို ခေါ်သတဲ့။
"ဒီဒီ"

သူ့အဖွားကို ဒီလို ချီခိုင်းသတဲ့။
"ဖွားဖွား.. ချီချီ"

ဖေဖေလို့ မခေါ်သေးပါ...မခေါ်သေးပါ...မခေါ်သေးပါ။
.....................
ဒီလိုနဲ့ ဖေဖေဆိုတဲ့ စကားလုံးကို ခပ်တည်တည်ချန်လှပ်ထားရင်း ကျန်တဲ့စကားလုံးပေါင်းများစွာ တလုံးပြီးတလုံး ရွတ်ဆိုနေခဲ့တဲ့ သားကလေးဟာ ၂ နှစ်ပြည့်ဖို့ တရက်အလို ၂၀၁၀ သြဂုတ် Friday the thirteenth မှာတော့ ဖေဖေ မေမေ ဓါတ်ပုံ ပြပြီး ဖွားဖွားမေးတဲ့ "ဒါ ဘယ်သူလဲ" ဆိုတဲ့ မေးခွန်းကို
"ဖေဖေ" လို့ ပီပီသသ မှန်မှန်ကန်ကန် ဖြေသွားတယ် ဆိုတဲ့အကြောင်း ကြားလိုက်ရတော့ ............................................................................................

8 comments:

ရွှန်းမီ said...

so touched!
:)

Myue Myue said...

အိမ်ကသားသားကတော့ မေမေမခေါ်ခင် ဖေဖေအရင်ခေါ်တတ်တာလေ.. ပြောင်းပြန်..

:P said...

:)
ဥ ထားတာနေမှာပေါ့.. ဖေဖေဆိုတဲ့ စကားလုံးကို။

့်Home Sweet Home said...

သားလေးတောင်စကားအတော်ပြောတက်နေပြီဘဲ။ ဘာသာစကားတစ်ခုတည်းကို ဘဲအခုအထိပြောတာကြားနေရလို့ ဘဲဖြစ်ရမယ်။ ကျွန်တော့် သမီးကတော့ နာနီဆီပို့ ပြီးထိန်းခိုင်းခဲ့ လို့ လားမသိဘူး အခုထိစကားအများကြီးမပြောနိုင်ဘူး။

yazakyaw said...

အားလုံး အားလုံးပဲ ကျေးဇူးပါလို့သာ .. :)

The Queen said...

အင်ပေါ့တန့် မို့ ရီဆပ်လုပ်ပြီး ချန်ထားတာ နေမှာပေါ့

Leo said...

ဖတ်ရတာ ကြည်နူးလိုက်တာဗျာ။
သားလေး ကျန်းမာပျော်ရွှင်ပါစေ။
သြော် သားလေး ဖေဖေလဲကျန်းမာပါစေနော်။ :D

အန်ကယ်လ်ဝေ

khin oo may said...

ခံစားသွားရပါတယ်။ မျက်ရည်များဝဲမိသေးလား။